ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦ အကြီးစားပြုပြင်ပြီးစီးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်အဆောက်အဦ ပင်မဆောင် ပြုပြင်ပြီးစီးနေမှု၊ အစည်းအဝေးခန်း၊ ရုံးခန်းများပြုပြင်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ (၁) ၌ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာခေါ်ယူကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲများကို အပိုင်း (၃) ပိုင်းခွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတဝန်းတွင် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည်လည်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေးစီအထွေထွေ ရွေးကောက်ပွဲ၏ ပထမပိုင်း ကျင်းပခဲ့သည့်အထဲတွင် ပါဝင်ခဲ့ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ၏ အားတက်သရော ဆန္ဒမဲပေးမှုများနှင့်အတူ မဲဆန္ဒနယ်အသီးသီးတွင် အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေးစီအထွေထွေ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကော်မတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲမတိုင်မီ အကြိုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကာလတွင် တည်တည်ငြိမ်ငြိမ်နှင့် အောင်မြင်ပြီးမြောက်အောင် ကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်ခဲ့သည် အစိုးရအဖွဲ့၏ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို အနိုင်ရသူ အကုန်ယူစနစ်(FPTP-First Past The Post) စနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR – Proportional Representation) နှစ်မျိုးဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော်ကို မကြာမီကာလတွင် ခေါ်ယူကျင်းပမည်ဖြစ်သည့် အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်လွှတ်တော် အင်္ဂါရပ် တင့်တယ်လှပစေရန် အဆောက်အဦများ၊ အသုံးအဆောင်များကို အချိန်မီ ပြင်ဆင်နေသည်ကို သိမြင်နေကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က ကော်မတီများဖွဲ့စည်းပြီး ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလတွင် ပေါ်ထွက်လာမည့် ပြည်နယ်လွှတ်တော်အတွက် ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ကောင်းမွန်ရေးအပြင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပ နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းစီမံချက်များ၊ ရေးဆွဲတင်ပြလာမှုအပေါ် ပါဝင်စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုတတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်ကာလနည်းတူ စီမံဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်းနှင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုဖွဲ့စည်းမည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်ကြမည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍများတွင် အားလုံးစေတနာထားကာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာခေါ်ယူ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လျာထားဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)