ကော့မှူး ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်က အခြေခံပညာမူလတန်းလွန်ကျောင်း မူလွန် (ပတုပ်) ကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများ ရှိစေရန်အတွက် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း စာအုပ်/စာပေများ အခမဲ့လာရောက် ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ