ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ခြင်ဆေးခွေစက်ရုံအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေး၊ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်းဆန်စက်ဝင်းအတွင်ရှိ Diesel King Co.ltd ဂေါ်ဇီလာခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းတို့ ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အဆိုပါစက်ရုံအတွင်းမီးဘေး ကြိုတင်ကာကွယ်ရေးအတွက် စက်ရုံတာဝန်ရှိသူများနှင့်အတူ စက်ရုံအတွင်း လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးသတ်ရေလှောင်ကန်၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ စက်ရုံမှထွက်ရှိသည့် အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံဝန်ထမ်းများအား အသိပေးဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်ရုံဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ ရေတို့ဖြင့် မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)