မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (Grade-4) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် ဘာသာရပ်နှစ်ခုအားဖြေဆိုမှာဖြစ်ပြီး (Grade-6,Grade-7,Grade-8,Grade-10,Grade-11) အထိ ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျင်တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိဖြေဆိုမည်ဖြစ်ရာ (Grade-12) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရန် သက်ဆိုင်ရာစာမေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၆၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၀ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)