လိပ်သို ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုအမွေအနှစ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ပင်ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့ကြသူများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပင်လုံစာချုပ်၊ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကဗျာနှင့် ဂုဏ်ပြုကာတွန်းများ စသည့်အကြောင်းအရာများ ပါရှိပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား Grade-5 ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။
လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ Talk Show အစီအစဉ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း