ကျောက်ဆည်မြို့နယ်တွင် သစ်တောပြုန်းတီးမှုမှကာကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောကျန် ဧက ၁၀၀ အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှကာကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောကျန် ဧက ၁၀၀ အား ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဝင်းဘိုနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝတောကျန် ဧက ၁၀၀ သည် ကျောက်ဆည်မြို့နယ်၊ ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက် အမှတ်(၁၈/၁၉)တွင် တည်ရှိပြီး အမြဲတမ်းနမူနာအတွက် (အလွှာ-၂)အား စစ်ဆေးခဲ့ပြီး သဘာဝတောကျန်အတွင်း ထင်းခုတ်ယူမှုမရှိစေရေး၊ မီးသွေးဖုတ်မှုမရှိရေး၊ ကျောက်တူးဖော်မှု မရှိရေး အထူးဂရုစိုက် ထိန်းသိမ်းသွားကြရန် သက်ဆိုင်ရာတာဝန်ကျထမ်းများနှင့် တောစောင့်များအား မှာကြားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု လျော့နည်းစေရေး၊ ထင်းအစားအခြားလောင်စာသုံး မီးဖိုများအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် ဒေသအတွင်းစိမ်းလန်း စိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရေး ပျိုးပင်များပျိုးထောင်ပြီး ကျေးရွာသုံး ထင်းစိုက်ခင်းများ၊ တောင်တန်စိုက်ခင်းများ၊ အခြားစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများ၊ ဘက်စုံသုံးစိုက်ခင်းများ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)