သုံးခွ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာအုပ်စုတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သော တစ်နိုင်တစ် ကျူရိုးတံမြက်စည်းထိုးနှံခြင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီက လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲမာထွေးက အမျိုးသမီးများ၏ ဘဝအခြေအနေ တိုးတက်မြင့်မားလာစေရန် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြစ်သော စက်ချုပ်၊ ဇာထိုးပန်းထိုး၊ စီးကွင့်ထိုး၊ ခြင်း၊ တောင်း၊ မုန့်ဖုတ်၊ မုန့်လုပ်၊ ပန်းအလှပြင်၊ မိတ်ကပ်ပြင် စသောလုပ်ငန်းများကို သင်ကြားပေးလျက်ရှိပြီး ယနေ့စံပါယ်ချောင်ကျေးရွာအုပ်စုရှိ အမျိုးသမီးများအား မိသားစုအပိုဝင်ငွေရရှိနိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သော ကျူရိုးတံမြက်စည်းထိုးနှံခြင်းကို သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ ဒေါ်သဲမာထွေးနှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အမျိုးသမီးများအား ကျူရိုးတံမြက်စည်းထိုးခြင်းကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)