ပျော်ဘွယ် ဖေဖော်ဝါရီ ၆
ပျော်ဘွယ်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက နိုင်ငံတော်အတွင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးငယ်များ၏ဘဝမှစ၍ ရောဂါဘယကင်းရှင်းရန်လိုအပ်ကြောင်း၊ ကလေးငယ်များ ရောဂါကင်းရှင်းရေးအတွက် သတ်မှတ်အသက်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးကြရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မန္တလေးတိုင်းဒေသကြီး ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံဒေါက်တာဧရာထက်က အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံရမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်သည့် အသိပညာပေးဗီဒီယိုကလစ် ပြသပြီး အခမ်းအနားသို့ တက်ရောက်လာသည့် နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များ၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)