ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား ဘုတ်အဖွဲ့ဖွဲ့စည်း၍ မီးရှို့ဖျက်စီးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။

အစည်းအဝေးဆွေးနွေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးမင်းက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး၊ ဦးစီးအရာရှိ ဒေါ်နှင်းဝါမြင့်က ဘုတ်အဖွဲ့ဖွဲ့စည်းခြင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲရန် စသည်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ မီးရှို့ဖျက်ဆီးရန်နေရာများအားရွေးချယ်၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ စာရွက်စာတမ်းနှင့်မှတ်တမ်းများအား ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မီးရှိုဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)