ဟင်္သာတမြို့နယ်၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ပြုလုပ်

ဟင်္သာတ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ နွေရာသီကျောင်းပိတ်ရက် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့က အဆိုပါရုံးရှိ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအစည်းအဝေးပွဲတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက နွေရာသီကျောင်းပိတ်ရက် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများက အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးပွဲသို့ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့မှ ဌာနဆိုင်ရာများနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)