ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သတ်မှတ်ရက်တွင် ကြေညာပေးရာ၌ ယခင်နှစ်များကဲ့သို့ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာခြင်းမပြုဘဲပညာရေးဝန်ကြီးဌာနမှ ထုတ်ကြေညာထားသည့် website များ ဖြစ်သည့် www.moe.gov.mm နှင့် www.myanmarexam. org တို့တွင် ဩဂုတ်လ (၉) ရက်၊ (၀၀:၃၀) နာရီအချိန်မှစတင်ပြီး ကြည့်ရှုနိုင်ပြီး မြန်မာ့အသံလေဒီယိုအစီအစဉ်နှင့် SKYNET Education Channel တို့မှလည်း နားထောင်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းထုတ်ထားကြောင်း သိရှိရသည်။
Online မှအောင်စာရင်းများ ထုတ်ပြန်ကြေညာပြီး နောက် ဩဂုတ်လ (၁၀) ရက် နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်အတွင်းရှိ တက္ကသိုလ်စာမေးပွဲစာစစ်ဌာန ဖွင့်လှစ်ထားသည့် ကျောင်းများတွင် အောင်စာရင်းများ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်းသိရှိရပြီး၊ အောင်စာရင်းများ လာရောက်ကြည့်ရှုကြသည့် ကျောင်း သား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျောင်းများ၏ ကျောင်းအုပ်ကြီးများနှင့်တာဝန်ကျဆရာ၊ ဆရာမများ၏ကြီးကြပ်မှုဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ နှာခေါင်းစည်းများ၊ မျက်နှာကာများတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် အောင်စာရင်းများ ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)