ဟင်္သာတ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံနာယက ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် ငွေရတု ပရိယတ္တိ သာသနပါလက စာမေးပွဲအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာအောင်သံဃာတော်များ၊ ဧည့်ပရိတ်သက်များမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်မေဃဝတီပရိယတ္တိ စာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် မိုးကောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ တိပိဋကဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကျေးဇူးတော်ရှင် သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသက ဩဝါဒကထာ ချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကြွရောက်တော် မူလာကြသော ပင့်သံဃာဆရာတော်ကြီးများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ခရိုင်ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သာသနာရေးဆိုင်များ လျှောက်ထားခြင်းတို့ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ စန္ဒသီရိဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင် များမှ ဂုဏ်ထူးအောင်အရှင်မြတ် (၁၅)ပါးအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းခြင်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ မူလတန်း၊ မူကြိုတန်း၊ အာဂုံပြန်တန်းအောင်မြင်တော်မူကြသော စာအောင်အရှင်မြတ်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီး ဆက်ကပ်လှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့ မိုးကောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော် ဩဝါဒစရိယ၊ တိပိဋကဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော်များ၊ (၂၅)ကြိမ်မြောက် ငွေရတုပရိယတ္တိသာသနပါလက စာမေးပွဲကျင်းပရေး ဦးဆောင်သံဃာတော်များ၊ စာအောင်အရှင်သူမြတ်များ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ဟင်္သာတခရိုင် အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ၊ ဧည့်ပရိတ်သတ်များ၊ စုစုပေါင်း (၆၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)