ပုသိမ် ဖေဖော်ဝါရီ ၂၆
(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ်၊ ရွှေတင်မြင်တင်ကျောင်းလမ်း ကတ္တရာလမ်းအရှည် (၅.၅) ဖာလုံ၊ အကျယ် (၁၂) ပေ ထု(၉)လက်မရှိ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပမည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ ကွင်းသို့သွားရောက်၍ သီးပင်စားပင်များစိုက်ပျိုးထားရှိမှု၊ ဆီထွက်သီးနှံများစိုက်ပျိုးထားရှိမှု၊ အခမ်းအနားကျင်းပမည့် မဏ္ဍပ်တည်ဆောက်လုပ်နေမှု၊ ဘေလီတံတားတည်ဆောက်ထားမှု၊ ပြခန်းများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် လူငယ်ကိုယ်စားလှယ်များက အစုအဖွဲ့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် မေးခွန်းများအား ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြကာ အစုအဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးချက်များအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ကြေညာစာတမ်းအားဖတ်ကြား၍ ဖိုရမ်နှုတ်ဆက်သီချင်းဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၆၄) နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲပလ္လင်ကွန်ကရစ်တံတား အရှည် ၁၂၀ ပေ၊ အကျယ် ၂၀ ပေ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ကျုံပျော်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ တောင်သူဦးသိန်းစိုး၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့်ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ကျုံပျော်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု ဦးဝင်းသန်း၏ ပီလောပီနံကြိတ််ခွဲစက်သို့သွားရောက်၍ ပီလောပီနံ ကြိတ်ခွဲထုတ်လုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု တောင်သူဦးဝင်းသန်း၏ စိုက်ဧက(၁)ဧကတွင် စိုက်ပျိုးထားသည့် Rayong-72 မျိုး ပီလောပီနံတူးဖော်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပီလောပီနံစိုက်ပျိုးမှု ဧက ၃ သောင်း ၅ထောင်ကျော် စိုက်ပျိုးထားပြီး ၎င်းစိုက်ခင်းအား တူးဖော်ရာတွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာချိန် ၇ ထောင့် ၅ ရာကျော်ထွက်ရှိကြောင်း သိရသည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ခုနှစ်၊ ပီလောပီနံသီးနှံ (၂) နှစ် (၃) သီး သီးနှံပုံစံလေ့လာခြင်း တောင်သူမန်းစိုးသိန်း၏ စမ်းသပ်ကွက် စိုက်ဧက(၁)ဧကတွင် Rayong-72 မျိုး ပီလောပီနံ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)