ပုသိမ် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမား နေ့အခမ်းအနားကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရာ မရမ်းချောင်းကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးဇော်ဝမ်း
ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးမှာ တောင်သူလယ်သမားနေ့အခမ်းအနားကို နှစ်စဉ်ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးဟာလည်း မြန်မာနိုင်ငံရဲ့စပါးကျီလို့တောင် တင်စားခေါ်ဝေါ်ရလောက်အောင် စပါးအဓိကတိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။ နှစ်စဉ် မိုးစပါး၊ နွေစပါးဧကပေါင်း (၅၂) သိန်းဝန်းကျင် စိုက်ပျိုးနေတာဖြစ်ပြီး စပါးတင်း သိန်းပေါင်း(၄၇၀၀)ကျော် ထွက်ရှိတဲ့အတွက် တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု (၄၅၀) %ခန့်အထိ ရရှိနေပြီဖြစ်ပါတယ်။ ပဲမျိုးစုံဧက(၁၆) သိန်းကျော်စိုက်ပျိုးပြီး ပဲဖူလုံမှု အနေနဲ့လည်း (၉၇၀) %ကျော်အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် ဒေသတွင်းစားသုံးမှုအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရဲ့ဝမ်းစာလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနေတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါတယ်။ ပြည်ပသို့ဆန်တင်ပို့မှုမှာလည်း ဧရာဝတီတိုင်းဒေသကြီးကထွက်ရှိတဲ့ ဆန်စပါးတွေက ရာခိုင်နှုန်းအချိုးအစား အများဆုံးပါဝင်နေတာဖြစ်တဲ့အတွက် နိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ တိုင်းကြီးတစ်တိုင်းလို့လည်း ဆိုရမှာဖြစ်ပါတယ်။
ဒီလိုမျိုးဆောင်ရွက်နိုင်တာကတော့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့တောင်သူလယ်သမားဦးကြီးများနဲ့ လယ်ယာလုပ်သားများရဲ့ အချိန်ရာသီတစ်လျောက်လုံး ကြိုးပမ်းအားထုတ်မှုကြောင့်ပဲဖြစ်ပါတယ်။ ယခုလိုနိုင်ငံအတွက် အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတဲ့ တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်မတ်လ (၂) ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့အဖြစ် ကျင်းပ ပြုလုပ်ပေးနေတာဖြစ် ပါတယ်။
စားရေရိက္ခာဖူလုံပြီး တိုင်းပြည်သာယာဝပြောဖို့နဲ့ နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန်လာဖို့အတွက် ကြိုးပမ်းအားထုတ်ပေးနေကြတဲ့ တောင်သူဦးကြီးများကို အသိအမှတ်ပြုဖို့၊ လယ်ယာကဏ္ဍ ထုတ်လုပ်မှု တိုးတက်မြင့်မားကာ ထုတ်ကုန်နှစ်ဆတိုးမြှင့်ခြင်းကနေ ပို့ကုန်နှစ်ဆ တိုးတက်တင်ပို့ နိုင်ဖို့နဲ့ တောင်သူလယ်သမားများရဲ့အကျိုးစီးပွား မြှင့်တင်ပေးနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပရာကွင်းအတွင်းမှာ တောင်သူပညာပေးစိုက်ခင်းများ ဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းအပြင် ဆီထွက်ပဲပုပ်စတဲ့ ဆီထွက်သီးနှံစိုက်ခင်းများ၊ ပြည်ပ ပို့ကုန်ဈေးကွက်အလားအလာကောင်းမွန်တဲ့ အစေ့ထုတ်ပြောင်းစိုက်ခင်းများ၊ ငရုတ်နဲ့ ဟင်းသီး ဟင်းရွက်စိုက်ခင်းများကိုတောင်သူများ တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် စိုက်ပျိုးပြသ ထားရှိမှာဖြစ်ပါတယ်။ ပြခန်းတွေအနေနဲ့လည်း ဘိုးဘွားတွေလက်ထက်က အသုံးပြုခဲ့တဲ့ မိရိုးဖလာ လယ်လုပ်ကရိယာတွေ ပြသထားမည့်အပြင် ခေတ်မီလယ်ယာသုံး စက်ကရိယာများ၊ တန်ဖိုးမြှင့် လယ်ယာထွက်ကုန်များ၊ မျိုးစေ့ဆိုင်ရာ ပြခန်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီပြခန်းများ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာပြခန်းများ၊ သစ်သီးဝလံ ပန်းမန်ပြခန်းများ၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေးအတွက် MSME ပညာပေးပြခန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများမှ တောင်သူ အကျိုးပြု ပညာပေးပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ အဆင့်မြင့်ရေသွင်းနည်းစနစ်နှင့် ပစ္စည်းများပြခန်းများ၊ Digital Corner များ၊ ဒေသတွင်း ထုတ်ကုန်ပစ္စည်း သုတေသနနှင့် ဈေးကွက် သုတေသနပြခန်းများ၊ ဆိုလာစနစ်သုံး ရေပေးနည်းစနစ်များပြခန်း၊ ငါးမွေးမြူရေး ဆိုင်ရာပြခန်းများ၊ မွေးမြူရေးဆိုင်ရာ ပြခန်းများအပြင် တောင်သူနှီးနှောဖလှယ်ပွဲ၊ ထူးချွန်တောင်သူနှင့် ထူးချွန်ဝန်ထမ်း ဆုချီးမြှင့်ခြင်းများ၊ စကားဝိုင်းဆွေးနွေးပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပသွားမှာ ဖြစ်ပါ တယ်။
ဦးမြင့်ကြိုင်
ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီလို့တင်စားခေါ်ဝေါ်ရမည်ဖြစ်သလို ဧရိယာ စုစုပေါင်း (၈၆) သိန်းကျော်ရှိ ကျယ်ဝန်းသည့် တိုင်းဒေသကြီးဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက(၄၈)သိန်း ရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းထွန်းကားသည့် တိုင်းဒေသကြီးဖြစ်ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ မိုးစပါးဧက (၃၇) သိန်း၊ နွေစပါးဧက (၁၅) သိန်းခန့် စိုက်ပျိုးပါတယ်။ ရေတော် မိုးတော်ဧက (၂၇) သိန်းကျော်၊ ရေကြီးကွင်းဧက (၅) သိန်းကျော်၊ ရေနက်ကွင်းဧက (၂.၅) သိန်း ကျော်၊ သဲဆန်ကုန်းမြေဧက (၈) သောင်းကျော်နှင့် ဆားငံဝင်ဆားလယ်ဧက(၁.၅)သိန်းကျော် ဖော်ထုတ်စိုက်ပျိုးလျက်ရှိပါတယ်။ ထို့ပြင်ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ဆားငံရေ ဝင်ရောက်နိုင်တဲ့ ဒေသများလည်းရှိသဖြင့် ရေငံတားတမံများပိတ်၍ စပါးများနှစ်စဉ်တိုးချဲ့ဖော်ထုတ် စိုက်ပျိုးလျက်ရှိပါတယ်။ နွေစပါးကိုလည်း (၁၅.၂.၂၀၂၆) နေ့အထိ (၁၄၆၈၃၄၂)ဧက စိုက်ပျိုးထားရှိပြီး ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုပ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး”ဟူ၍ ဦးတည်ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ရည်မှန်းချက်အပေါ် တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနအနေနဲ့ လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ကောက်ယူပြုစုရာတွင် စိုက်ဧကနှင့် အထွက်နှုန်းများမှန်ကန်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါး၊ နွေစပါးသာမက ပြည်ပပို့ကုန် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံစသဖြင့် အမယ်စုံသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် မတ်ပဲသီးနှံများကိုလည်း အဓိကထား တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လျက် ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ (၉၂၀၂၂)ဧက၊ နှမ်း (၂၂၅၇၈) ဧကနှင့်မတ်ပဲ (၁၀၃၆၂၀၈) ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံပေါင်း (၂၅၅၂၁၀) ဧကနှင့် ပဲမျိုးစုံစုစုပေါင်း (၁၆၅၅၈၇၁) ဧက စိုက်ပျိုးအောင်မြင်ခဲ့သည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီအဆင့်ဆင့်မှ တောင်သူများ၏ လိုအပ်ချက်များအား အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး မှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးနှင့် အစေ့ထုတ်ပြောင်းတစ်ဧကအထွက်နှုန်းမှာ ပန်းတိုင် ရည်မှန်းချက်သို့ရောက်ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ဆောင်းမြေပဲများ ပန်းတိုင်အထွက်နှုန်းရောက်ရှိခဲ့ပါတယ်။ ယခု၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲမှာ ပန်းတိုင်အထွက်နှုန်း ရရှိပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် ဆီပဲပုတ် ဧက(၁)သိန်းအား ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဆီပဲပုတ်ကို ပဲကြီးသီးနှံနှင့် ရောနှော စိုက်ပျိုးခဲ့ရာတွင် နေ့ထိ(၈၆၆၇၉)ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုး ခြင်းမှ အကျိုးအမြတ်ရရှိနိုင်ပြီး၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံရေးအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားတွေ သားစဉ်မြေးဆက်၊ ဘဝအာမခံချက်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူလယ်သမားတွေ ပုံမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိတဲ့ လယ်ယာမြေဧရိယာ (၃၉၇၃၀၈၄) ဧကကို တောင်သူ (၇၁၄၇၅၆) ဦးသို့လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ လုပ်ငန်းဌာနတွေမှ အကြောင်း အမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ပြီး ပြန်လည်စွန့်လွှတ်ခဲ့သည့် (၄၉၂၁၀) ဧကကို တောင်သူ (၆၃၉၄) ဦးသို့လည်းကောင်း၊ သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ သစ်တောပယ်ဖျက် ဧရိယာ (၂၆၀၇၈၀၅) ဧကကို တောင်သူ (၂၀၅၆၁) ဦးသို့လည်းကောင်း၊ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ (၁၀၃၉ )ဧကကို တောင်သူ (၅၇) ဦးသို့လည်းကောင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)တွေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၆)မြို့နယ်မှာ စုစုပေါင်း စိုက်ပျိုးဧရိယာ (၄၂၈၄၁၄၀)ဧကကို တောင်သူ (၇၄၁၇၆၉)ဦးတို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)တွေ ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းတွေကို အရှန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ဒေါက်တာမိုးမိုးခိုင်
ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးမွေးမြူရးနှင့်ကုသရေးဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးမှာ နှစ်စဉ်မတ်လ(၂)ရက်နေ့တိုင်း တောင်သူလယ်သမားနေ့အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပြခန်းများ ခင်းကျင်းပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ယခုနှစ် (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနှင့် မွေးမြူရေးဆိုင်ရာ ပြကွင်းပြကွက်များကို ပူးပေါင်းပါဝင် ပြသသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ရေမြေ တောတောင်သဘာဝမျိုးစုံတည်ရှိပြီး လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်းများ၏ ဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်သုံးအစာများ ပေါများသည့်အတွက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံကောင်းများရှိသည်နှင့်အညီ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ စသည့်တိရစ္ဆာန်မျိုးစုံ မွေးမြူထားရှိပြီး တိရစ္ဆာန်ထွက်ပစ္စည်းမျိုးစုံ ထွက်ရှိပါတယ်။
တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်ထွက်ပစ္စည်းများ ဖူလုံသည်သာမက အခြားတိုင်းဒေသကြီးများသို့ ပါ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများတင်ပို့နိုင်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သောတိုင်း တစ်တိုင်းလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မွေးမြူထုတ်လုပ်ဆောင်ရွက်သူများအနက်မှ တိရစ္ဆာန်အမျိုး အစားအလိုက် မွေးမြူထုတ်လုပ်မှု ထူးချွန်ဆုများ၊ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဥပဒေအရ ဝန်ဆောင်မှုရငွေ အများဆုံးပေးသွင်းသည့်လုပ်ငန်းရှင်ဆုများနှစ်စဉ်ရွေးချယ် ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။
ယခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပမည့် ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာရှိ ပြခန်းတွင် ကာကီကင်း ဥစားဘဲမျိုးကို လက်တွေ့မွေးမြူခြင်း၊ မေထုံမဲ့သားစပ်နည်းစနစ်ဖြင့် ပေါက်ဖွားလာတဲ့ နို့စားနွား၊ ဒေသနွား၊ အသားတိုးနွားများ၊ ဆိတ်မျိုးများ၊ ဥစားကြက်များ စသည့် တိရစ္ဆာန်များကို ခင်းကျင်းပြသထားမည်ဖြစ်ပါတယ်။ မွေးမြူသူအကျိုးပြုပညာပေးပြခန်းအနေဖြင့် တိရစ္ဆာန်အစာပင် စိုက်ခင်းများ၊ မျိုးမြှင့်တင်ခြင်းလုပ်ငန်းတွင် အသုံးပြုသည့် မေထုန်မဲ့သားစပ် လုပ်ငန်းသုံးပစ္စည်းများ၊ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုသည့် ကာကွယ်ဆေးများ၊ ကုသ ဆေးဝါးများ၊ မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်များ၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု video များကိုခင်းကျင်း ပြသထားရှိမှာဖြစ်ပါတယ်။ ဆီထွက်သီးနှံနေကြာများတွင် ဝတ်မှုန်ကူးဝန်ဆောင်မှုပေးပြီး လူသားများအတွက် ပျားရည်ထုတ်လုပ်မှုပေးသည့် ပျားမွေးမြူခြင်းနှင့် မွေးမြူနည်းစနစ်များကို ဒေသတွင်းရှိ ပြည်သူများနားလည်သိရှိကြစေရန် ပျားမွေးမြူရေးပုံးများ၊ ပျားသလက်များ၊ ပျားရည် ညှစ်စက်များ၊ ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို အခြေခံသည့် ဆေးဝါး၊ စားကုန်၊ လူသုံးကုန် ပစ္စည်းများကိုလည်း ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
တောင်သူလယ်သမားနေ့ပြခန်းများကို မတ်လ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ မရမ်းချောင်း ကျေးရွာတွင် ခင်းကျင်းပြသမည်ဖြစ်ပါ၍ လာရောက်လေ့လာကြဖို့ဖိတ်ခေါ်အပ်ပါတယ်။
ဦးမြင့်အောင်
တောင်သူမရမ်းချောင်းကျေးရွာအုပ်စု၊ဝါးနက်ကွင်းကျေးရွာ
ကျွန်တော်ကတော့ တောင်သူဦးမြင့်အောင် ဖြစ်ပါတယ်။ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဝါးနက်ကွင်းကျေးရွာက ဖြစ်ပါတယ်။ လယ်မြေ ၁၂ ဧကရှိပြီး နွေစပါး၊မိုးစပါး ၁၂ ဧကလုံး စိုက်ပျိုးပါတယ်၊ ယခင်နှစ်များကကျင်းပတဲ့ တောင်သူလယ်သမားနေ့အခန်းအနားကို တစ်ကြိမ် တက်ရောက်ဖူးပါတယ်၊
ပြခန်းတွေကလည်းအများကြီးဘဲ၊ တောင်သူတွေအတွက် နွေစပါး၊မိုးစပါး စိုက်ပျိုးပုံတွေ ဆီထွက်သီနှံ၊ ဟင်းသီးဟင်ရွက်စိုက်ခင်းတွေ ပြသထားတယ်၊မွေးမြူရေး ပြခန်းလည်ပြသထားတယ်၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ ကျွဲ၊ နွားတွေကိုပြသထားတယ်၊ ယခုလိုဆီထွက်သီးနှံ နေကြာစိုက်ပျိုးလို့ ခက်ခဲတဲ့နေရာမှာ အောင်မြင်အောင်စိုက်ပြထားတာတွေ့ရပါတယ် နေကြာအောင်မြင်အောင် စိုက်ပျိုးနည်းစနစ် ရေဖြန်းစနစ်တွေ လေ့လာတွေ့ရှိရတဲ့အတွက် ကျွန်တော်တို့လဲအတုယူပြီး စိုက်ပျိုးသွားဖို့အတွက်လဲ စဉ်းစားထားနေပြီ ဖြစ်ပါတယ်၊ လယ်သမားတွေအတွက်တော့ အတုယူစရာ ချည်းဘဲဗျာ။ ယခုနှစ်ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာမှာ တောင်သူလယ်သမားနေ့ အခမ်းအနားကို စည်းစည်းကားကားကျင်းပမည်ဟု သိရတယ်။ နေ့တိုင်းသွားကြည့်ဖြစ်အောင် ကြိုးစားနေတယ်၊ လယ်လုပ်သူလယ်သမားတိုင်းလည်း သွားရောက်လေ့လာသင့်ပါတယ်။
ဒေါ်ခိုင်ခိုင်ဝင်း
တောင်သူမရမ်းချောင်းကျေးရွာအုပ်စု၊တောင်ယာကုန်းကျေးရွာ
ကျွန်မကတော့ တောင်သူ ဒေါ်ခိုင်ခိုင်ဝင်း ဖြစ်ပါတယ်။ ကျွန်မကပုသိမ်မြို့နယ်၊ မရမ်းချောင်း ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာကဖြစ်ပါတယ်၊ မိရိုးဖလာ တောင်သူအလုပ်နဲ့ အသက်မွေးပါတယ်၊ မိုးစပါး ၈ ဧကနှင့်နွေစပါး ၃ ဧကစိုက်ပျိုးပါတယ်။ တောင်သူလယ်သမားနေ့ အခမ်းအနားကို တစ်ကြိမ်တစ်ခါမျှ မတက်ရောက်ဖူးပါ၊ယခုနှစ်တော့ ပုသိမ်မြို့နယ်၊ မရမ်းချောင်း ကျေးရွာမှာ ကျင်းပမယ်လို သိရပါတယ်၊ သွားကြည့်ဖို့အဖော်တွေလိုက်စုနေတယ်၊ တောင်သူ လယ်သမားဆိုတော့စပါးများများထွက်ပြီး၊ ဈေးကောင်းရဖို့ဘဲမျှော်နေရတယ်၊ တောင်သူ လယ်သမားနေ့ကျရင် ပြခန်းတွေသွားကြည့်ရမယ် မသိတာရှိလည်း မေးရမယ်။ တောင်သူ လယ်သမားအကျိုးရှိမယ် ပြခန်းတွေ စိုက်ခင်းတွေကြည့်ရပါမယ်။
ကျော်ဇင်စိုး