လမ်းမတော်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

လမ်းမတော် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လမ်းမတော်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးမင်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးအတွင်း၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပညာပေးပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့်ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂက်စ်အိုးစနစ်တကျ အသုံးပြုနည်းတို့ကို ပညာပေးသရုပ်ပြခဲ့ကြပြီး မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းရုံးမှဝန်ထမ်းများအား မီးငြှိမ်းသတ်မှုအခြေအနေတို့အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)