ရန်ကုန် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်င်ငံတွင် အကြီးကျယ်အခမ်းအနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သူ့ရင်ပြင်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ မြန်မာအာကာသအေဂျင်စီ အမှု ဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းမှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့က အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် Humanoid Robot က အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲအကြောင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တက်ရောက်လာကြ သူများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Humanoid Robot ကကြိုဆို၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးမည့်နေရာသို့ ဖိတ်ခေါ်ကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက “အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ” ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြိုင်ပွဲဖွင့်ပွဲ အမှတ်တရ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်အဖြစ် ရှေ့သို့လှမ်းချီ အကောင်အထည်ဖော်ဆောင်သည့်နေရာတွင် အာကာသသိပ္ပံပညာနှင့် ဂြိုလ်တုအသုံးချနည်းပညာများသည် တစ်နေ့တခြား ပိုမိုအရေးပါလာသည့်အတွက် မိမိတို့နိုင်ငံအတွင်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိသည့် ကျောင်းသူ၊ ကျောင်းသားလူငယ်များသည် အာကာသဆိုင်ရာနည်းပညာနှင့် ဗဟုသုတများ ရရှိလေ့လာနိုင်စေရန် ရည်ရွယ်ပြီး အာကာသပြတိုက်(ရန်ကုန်)ကို ၂ဝ၂၅ခုနှစ်၊ နိုဝင်ဘာလ(၃ဝ)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး စိတ်ဝင်တစားဖြင့် လာရောက်လေ့လာသူ အရေအတွက်သည် (၁)သိန်းကျော်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ မိဘပြည်သူများနှင့်လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များသည် ယခုကဲ့သို့ အာကာသသိပ္ပံနှင့် အသုံးချနည်းပညာရပ်များအပေါ် စိတ်ပါဝင်စားမှုမြင့်မားလာသည်ကို တွေ့ရသည့်အတွက် လွန်စွာဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ထို့အပြင် ယခုကျင်းပသည့်ပြိုင်ပွဲသည် မျိုးဆက်သစ်ကလေးငယ်များအတွက် အာကာသ၏ မဆုံးနိုင်သည့် စူးစမ်းလိုစိတ်နှင့် အနုပညာ၏ အဆုံးမဲ့ဖန်တီးနိုင်စွမ်းတို့ကို ပေါင်းစပ်ပေးမည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြိုင်ပွဲမှ အာကာသ၏ အလှတရားများကို ခံစားနိုင်ရုံသာမက အနာဂတ်လူသားများ အာကာသ သို့ မည့်သို့ရောက်ရှိနိုင်မည် မည်သို့၊ နေထိုင်နိုင်မည်စွန့်စားခန်း၊ ဖြတ်သန်းသွားနိုင်မှုများကို ကိုယ်စီကိုယ်ငှ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပုံဖော်ခွင့်ရသည့် ပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများကို အကျိုးပြုနိုင်မည့် အာကာသယာဉ်မှူး၊ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနှင့် ကဏ္ဍအလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များ အသီးသီးပေါ်ထွက်လာမည့်ဟု ခိုင်မာစွာယုံကြည်ပါကြောင်း စသည်တို့ကိုပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုသိန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းမှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov အား ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပေးအပ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းမှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov က ဂုဏ်ပြုအမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက စက်ရုပ်များ၏ သရုပ်ပြဖျော်ဖြေမှု၊ အာကာသဆိုင်ရာပြခန်းများ စသည့်ပြခန်းများအား လှည့်ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက မြန်မာနိုင်င်ငံတွင် အကြီးကျယ်အခမ်းအနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းမှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် ဒုတိယအထွေထွေညွှန်ကြားရေးမှူးချုပ် (အာကာသယာဉ်မှူးဟောင်း) Mr.Krikalev Sergey Konstantinovich တို့က ပြိုင်ပွဲများ၏ ကဏ္ဍအလိုက်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား အအေးနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ပြီး ပြိုင်ပွဲသို့လာရောက်ကြသူများ အဆင်ပြေချောမွေ့စေရန်အတွက် YBS မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ယနေ့မှ ၂၀၂၆ ခုနှစ် မတ် (၁)ရက်အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာအလယ်တန်းဆင့်အတွက် စူးစမ်းလေ့လာအာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ်အာကာသနည်းပညာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြကာ အဆိုပါပြိုင်ပွဲဝင်လက်ရာများထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု(၁ဝ)ဆုအပြင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတိုင်းကို အသိအမှတ်ပြုလက်မှတ် Certificate နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)