မိတ္ထီလာမြို့နယ် ရှင်မြို့ကျေးရွာ၌ အောင်ရတနာသံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂဠုန်ကုန်းကျေးရွာအုပ်စု ရှင်မြို့ကျေးရွာ၌ အောင်ရတနာ သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာရှင်မြို့ကျေးရွာရာအိမ်မှူးဦးသီဟ က အောင်ရတနာသံကူကွန်ကရစ်တံတားသစ် ဆောက်လုပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အဆိုပါတံတားသစ်အား တံတားဖြစ်မြောက်ရေးကော်မတီဝင် ခါးကော့ကျေးရွာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇာနေယျ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြသွင်(ခ)ဦးမြင့်စန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဒေါ်ဖြိုးဘိုဘိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အောင်ရတနာတံတားမှာ အရှည် ၆၂ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၆ ပေရှိပြီး ယခင်ကသစ်သားဟောင်းမှာ မန္တလေးငလျင် ကြီးဒဏ်ဖြင့် ယိုင်လဲပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် ၃၇ဝ သိန်းကျော် အကုန်ကျခံ စုပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ