ညောင်ဦးခရိုင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက်၊နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက ဆွေးနွေးပြောကြားပြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်စဉ်က အုတ်တိုက်ဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက တက္ကသိုလ်ဝင်တန်းစာဖြေဌာနများစီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းဆွေးနွေးပြောကြားပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း