ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းဧည့်စာရင်းစနစ် (GLIS) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆွေးနွေးဟောပြောပေးမည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးလှည့်လည်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “လူသားတို့အနေဖြင့် ရှိရင်းစွဲအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှုကိုကုစားရန် ကဏ္ဍအသီးသီးမှ အထူးအလေးထားထည့်သွင်းစဉ်းစား၍ ဆောင်ရွက်လာကြချိန်တွင် ခရီးသွားလုပ်ငန်းကဏ္ဍနယ်ပယ်တွင်လည်း ဆက်စပ်လုပ်ငန်းအသီးသီးမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုအသိုက်အဝန်းအတွင်း ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို အတတ်နိုင်ဆုံးလျော့နည်းအောင် လျော့ချဆောင်ရွက်ရမည်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေနိုင်မည့် စွမ်းအင်နှင့်ရေကိုချွေတာခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း စသည်တို့ကို သိရှိနားလည်လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း လူမှုအသိုက်အဝန်းအတွင်း ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ဒေသခံများကို ဦးစားပေးခြင်း၊ အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး စသည်တို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်တို့ကိုပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး နံနက်ပိုင်းနှင့် ညနေပိုင်းအစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးလှည့်လည်ရေးကုမ္ပဏီများမှ တာဝန်ရှိသူစုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)