ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာအာကသအေဂျင်စီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အခြေခံပညာအဆင့် အာကာသပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လူငယ်များ အာကာသနည်းပညာကဏ္ဍ စိတ်ပါဝင်စားမှုများ မြင့်တက်လာစေရန်နှင့် အနုပညာဖြင့် မြှင့်တင်ပေးနိုင်စေရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာအာကသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နွေရာသီအခြေခံပညာအဆင့် အာကသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) ပြိုင်ပွဲများ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲများကျင်းပရေး၊ နည်းပညာအကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)