ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူထုကျန်းမာရေးလုပ်သားသင်တန်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ သင်ကြားပို့ချခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူ ၄၅ ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသား/သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆု များအား အသီးသီးပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုနှင့် ကျန်းမာရေးစနစ်တို့အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနိုင်သည့် ကျန်းမာရေးလုပ်သားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)