ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြသည့် YBS ခရီးသည်တင်ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တာမွေ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြသည့် ‌YBS ခရီးသည်တင်ယာဉ်မောင်းများအား YBS စံပြယာဉ်မောင်းဆု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စွမ်းဆောင်ဆုရ YBS ယာဉ်လိုင်းကုမ္ပဏီအား ဂုဏ်ပြုဆုနှင့် တာဝန်ကျေပွန်ဆု ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံးအောက်ထပ် အစည်းအဝေးခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း YBS စံပြယာဉ်မောင်းဆု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စွမ်းဆောင်ဆုရ YBS ယာဉ်လိုင်းကုမ္ပဏီအား ဂုဏ်ပြုဆုနှင့် တာဝန်ကျေပွန်သည့် ယာဉ်မောင်းဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွင်း ခရီးသည်ပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ‌YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများနှင့် ‌YBS ခရီးသည်ပို့ဆောင်ရေး တာဝန်ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပြီး YUPT Co., Ltd၊ YBPC Co., Ltd၊ Asia Starmar Transport Intelligent Co., Ltd၊ Mother Construction Co., Ltd နှင့် Super One Co., Ltd တို့မှ ဂုဏ်ပြုဆုရ ‌YBS ခရီးသည်တင်ယာဉ်မောင်းများအား မေတ္တာလက်ဆောင်ချီးမြှင့်ငွေများအား လက်ဝယ်အရောက် ထပ်ဆောင်းချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် Asia Starmar ကုမ္ပဏီမှ YPS ကတ်အသုံးပြုမှုအများဆုံး ‌YBS အများပိုင်ကုမ္ပဏီ(၇)ခုမှ ယာဉ်မောင်း (၇)ဦးအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုဆုရရှိသော ‌YBS ခရီးသည်တင်ယာဉ်မောင်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ ဂုဏ်ပြုဆုရရှိသည့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)