(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၈

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်သည့် Video Clip အား ပြသသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၄)ခု၊ ငွေတံဆိပ်ဆု(၁၁)ခု၊ ကြေးတံဆိပ်ဆု(၁၄)ခုဖြင့် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်(၂)ခုဖြင့် ဆုရရှိခဲ့သည့် အားကစားသမားများ အား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် ဘိလိယက်နှင့် စနူကာ အားကစားနည်းမှ ရွှေတံဆိပ်ဆု(၁)၊ ကြေးတံဆိပ်ဆု(၁)ခုဖြင့် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွက်လှေ အားကစားနည်းမှ ကြေးတံဆိပ်ဆု(၁)ခု၊  ရိုးရာလှေ အားကစားနည်းမှ ကြေးတံဆိပ်ဆု(၈)ခု၊ ကနူး/ ကယက် အားကစား နည်းမှ ငွေတံဆိပ်ဆု(၂)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ငွေတံဆိပ်ဆု(၃)ခု၊ ကြေးတံဆိပ်ဆု(၁)ခု၊ Teq Ball အားကစားနည်းမှ ငွေတံဆိပ်ဆု(၄)ခု၊ ကြေးတံဆိပ်ဆု(၁)ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ကြေးတံဆိပ်ဆု(၄)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ်ဆု(၃)ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံ ဆိပ်ဆု(၂)ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု(၂)ခု၊ မြင်းစီးအားကစားနည်းမှ ကြေးတံဆိပ်ဆု (၁)ခု ရရှိခဲ့ကြသည့် အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

၎င်းနောက် အားကစားသမားများကိုယ်စား ခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် မခိုင်သဇင်ဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)