လသာ ဖေဖော်ဝါရီ ၂၈
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အတွင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆေးဘက်ဆိုင်ရာအရာရှိ (TMO) ဒေါက်တာသုဝေ ဦးစီးသည့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်နှင့် ရပ်ကွက်စာရေးတို့ပါဝင်သောအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ရပ်ကွက်အတွင်းရှိ အသက် (၁) နှစ်မှ အသက် (၁၅) နှစ်အောက် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက် ခဲ့ပြီးလမ်းဘေးဈေးသည်များအားလည်း ကျန်းမာရေးနှင့်ညီညွတ်မှု ရှိမရှိ စစ်ဆေးကြည့်ရှုခဲ့သည်။
ထို့ပြင်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ဓာတ်ဆားထုတ်များနှင့် ရေသန့်ဆေးပြားများ ပေးဝေခဲ့သည့်အပြင် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေလင်း