သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၈
ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျရောက်လာပြီဖြစ်ရာ သင်္ဃန်းကျွန်းစျေး၊ငမိုးရိပ်စံပြစျေးနှင့်Global Wave Technology တို့တွင် စျေးများအတွင်းမီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊မီးငြိမ်းသတ်ရေးပစ္စည်းများ စစ်ဆေးခြင်းနှင့် မီးဘေးအသိပညာပေးဟောပြော/ ဆွေးနွေးခြင်းများ သင်္ဃန်းကျွန်းမြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နေ့လယ် ၁ နာရီက သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ ဦးလှမျိုး၊သင်္ဃန်းကျွန်းမြို့နယ် မီးသတ်တပ်ဖွဲမှူး ဦးစီးအရာရှိ ဦးမိုးသီဟဇော်၊မီးသတ်စခန်းမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များက စျေးများအတွင်းတပ်ဆင်ထားသည့် မီးသတ်ရေပိုက်တွင် ရေစီးဆင်းမှုရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အရေးပေါ်ထွက်ပေါက်များ ကြိုတင်စီစဥ်ထားမှု၊ စျေးဖွင့်ချိန်နှင့် စျေးပိတ်ချိန်တို့တွင် မီးဘေးအသိပေးစစ်ဆေးခြင်းများရှိ/မရှိ၊ရေ လှောင်ကန်များ ရေလုံလောက်မှုရှိ/မရှိ စသည်တို့အားစစ်ဆေးခဲ့ကြသည်။
ထို့နောက် စျေးတာဝန်ခံနှင့် စျေးသူ၊စျေးသားများအား လျှပ်စစ်မီးများအသုံးပြုရာတွင် ပေါ့ဆ၍အသုံးမပြုရန်၊ မီးသတ်ဆေးဘူးများအား သင့်တင့်သောအမြင့်တွင် ထားရှိရန်စသည့် မီးဘေးအန္တရာယ် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)