တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း၌ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအပ်နှင်းပွဲအခမ်းအနား ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတွင် ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် အဆိုပါငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းသို့ရောက်ရှိလာရာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကိုကိုနှင့်ဝန်ထမ်းများ၊ ကျောင်းသားသူ၊ ကျောင်းသူများမှ ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး(သိပ္ပံ)ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို အစီအစဉ်(၂)ပိုင်းဖြင့်ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ခန်းမကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ပြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်သည်တော်ကြီးများမှ ခန်းမဆောင်အတွင်းသို့ ကြွရောက်ခဲ့ကြကာ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့မှ အမှာစကားများပြောကြားခဲ့သည်။

ယင်းနောက် ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် တတိယဆုရရှိသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ဒီပလိုမာ ကျောင်းသား၊ ကျောင်းသူများမှ “ငါတို့ချစ်သော ငါးသိပ္ပံကျောင်းတော်” ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ ကိုယ်တိုင်ရေးသားထုတ်ဝေသည့် စာအုပ်များအား ငါးလုပ်ငန်းသိပ္ပံ (တွံတေး) စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပခဲ့ရာ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများမှ ခန်းမအတွင်း စင်မြင့်ပေါ်သို့ တက်ရောက်နေရာယူပြီး နိုင်ငံတော်သီချင်းဖြင့် အလေးပြုခဲ့ကာ ပထမအကြိမ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ်များအား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)