မူဆယ်မြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း ဆောင်ရွက်

မူဆယ် မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဆယ်မြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို မူဆယ်မြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်အခါသည် ခြောက်သွေ့ရာသီသို့ ရောက်ရှိလာသဖြင့် မီးသုံးစွဲသူများမီးပေါ့ဆမှုကြောင့် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ မူဆယ်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် ဟောပြောအသိပညာပေးခြင်း၊ မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာရန် လမ်းဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေငုတ်များနှင့် မီးသတ်ရေလှောင်ကန်များ၊ မီးအဝင်မိန်းခလုတ်နှင့် ကွန်ပျူတာခန်းရှိမိန်းခလုတ်များ၊ မီးဘေးလုံခြုံရေးပစ္စည်းများအားစစ်ဆေး၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများဖြစ်သည့် ရေစိုဝတ်ဖြင့်ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက သရုပ်ပြငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးငြှိမ်းသတ် သရုပ်ပြခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးမှဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မျိုး၊ ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်နှင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)