ဒေါပုံ မတ် ၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၇)ရက် နေ့လယ် (၂)နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ NGO အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)