မှော်ဘီမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

မှော်ဘီ မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မှော်ဘီမြို့မဈေးကြီးရှိ ဆိုင်ခန်းပိုင်ရှင်များ၊ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မှော်ဘီစည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်ဦးက အမှာစကားပြောကြား၍ (ခေတ္တ)မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူးက မီးဘေးလုံခြုံရေးအတွက် အဖွဲ့များဖွဲ့စည်း၍ ကိုယ်စီတာဝန်​ပေးအပ်ထားမှုများ၊ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကြိုတင်ပြင်ဆင်ထားရှိရမည့် မီးချိတ်၊ မီးကဒ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဗူးများ ထားရှိရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက လက်ကမ်းစာစောင်များဖြန့်ဝေပြီး ဒု/မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဗူးအသုံးပြုခြင်းများအား ရှင်းလင်းပြောကြားပြီး မှော်ဘီမြို့မဈေးရှိ ဈေးသူဈေးသားများ၊ ဆိုင်ခန်းပိုင်ရှင်များ၊ ဝန်ထမ်းများအား မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ ငြိမ်သတ်ခြင်းတို့အား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲနှင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြခြင်းအခမ်းအနားသို့ မှော်ဘီမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်ဦးနှင့်အဖွဲ့များ၊ မှော်ဘီထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်မေထွဠ်၊ (ခေတ္တ)မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မဈေးရှိ ဈေးသူ/ဈေးသား၊ ဆိုင်ခန်းပိုင်ရှင်များ တက်ရောက်ပါဝင်၍ လက်တွေ့မီးငြိမ်းသတ်ခြင်းအား လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)