ကျောက်ဆည် မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံးပတီစသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။
ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငရုပ်စသည့်သီးနှံများ စိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့် သွင်းအားစုများ ပိုမိုသုံးစွဲရပြီး စိုက်ပျိုးရိတ်သိမ်းသည့်အခါ ဈေးကောင်းမရခဲ့ပါက တောင်သူများအနေဖြင့် များစွာဆုံးရှုံးမှုရှိကြောင်း၊ ထို့ကြောင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်းနှင့် ကန်စွန်းသီးနှံ စိုက်ပျိုးမည်ဆိုပါက မြေဆီကောင်းမွန်စေရန်အတွက် ဦးစွာမြေပြုပြင်ပေးရပြီး သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးများအား သီးနှံမစိုက်ပျိုးခင် ဦးစွာထည့်ထားပေးရကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ် ကောင်းမွန်စေရန်အတွက် မြေအမျိုးအစားအလိုက် မြေဘောင်အကြီးအသေးများ ပြုလုပ်ပြီး လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် အပင်များအား သင့်တော်သည့် အကွာအဝေးအနေဖြင့် တစ်ထွာ၊ တစ်မိုက်ခြားပြီး စိုက်ပျိုးရကြောင်း သိရှိရသည်။
ကန်စွန်းသီးနှံသည် တစ်ခါစိုက်ထားပါက တစ်နှစ်ပတ်လုံး ရိတ်သိမ်းရောင်းချရကြောင်း စိုက်ပျိုးပြီး (၄၅)ရက်တွင် ကန်စွန်းရွက်များကို စတင်ရိတ်သိမ်းရပြီး၊ မိုးရာသီအခါ၌ (၁၀)ရက်ခြားတစ်ကြိမ်၊ နွေရာသီနှင့် ဆောင်းရာသီအချိန်များတွင် (၁၅)ရက်ခြားတစ်ကြိမ် ရိတ်သိမ်းရောင်းချနိုင်ပြီး လိုအပ်သည့်အချိန်များတွင် လိုအပ်သလို ရိတ်သိမ်းရောင်းချခြင်းများလည်း ပြုလုပ်နိုင်ကြောင်း၊ ကန်စွန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျှားနီတံဆိပ်မျိုး အထုပ်(၆၀) သုံးစွဲရပြီး မျိုးတစ်ထုပ်လျှင် ငွေကျပ်(၇၈၀၀)ကျပ် ပေးရကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်သဖြင့် ကုန်ကျငွေအနေဖြင့် (၇)သိန်းသုံးသောင်းကျပ်ခန့်ရှိကြောင်းနှင့် အကျိုးအမြတ်အနေဖြင့် မြေဆီကောင်းမွန်မှုနှင့် အပင်ပြုစုအပေါ်မူတည်၍ ငွေကျပ်သိန်း (၂၀)မှ ငွေကျပ်သိန်း (၅၀)ကျော်အထိ ရရှိကြောင်း ကန်စွန်းစိုက်ပျိုးရောင်းချလျက်ရှိသည့် တောင်သူ ဦးလှဌေးပြောပြ၍ သိရှိရသည်။
သက်မောင်