သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့တွင် ဘုရားဖူးမိဘပြည်သူများအား စတုဒီသာများ ကျွေးမွေးလှူဒါန်းမည်

ဟိုင်းကြီးကျွန်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ်တပေါင်းလဆန်း(၁)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့ နံနက်(၉)နာရီအချိန်တွင် ဘုရားဖူးလာရောက်သူမိဘပြည်သူများအား စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့်တည်ထားသောဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီးဝေးသော်လည်းရောက်အောင် လာရောက်ဖူးမျှော်ကြပြီး ဥုပုသ်သတင်းသီလ ဆောက်တည်ခြင်း၊အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအားသွားရောက်ဖူးမျှော်ခြင်း၊ ကျောက်ကလပ်သို့သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန်လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)