ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တောင်ကြီး မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)  (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ခင်စန္ဒာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ကျင်းပရာတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်စန္ဒာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲဝင်များက သတ်ဆိုင်ရာဝတ်ရုံအသီးသီးကို ဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်သို့ အစီအစဉ်အတိုင်း တက်ရောက်ကြရာ မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။ နိုင်ငံတော်အလံကိုအလေး ပြုခဲ့ကြသည်။

ဆက်လက်၍  ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ခင်စန္ဒာအောင်က မိမိတို့နိုင်ငံအနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်တာ‌နှင့်အညီ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် မောင်မယ်တို့လို နည်းပညာရပ်ကို သင်ကြားလေ့လာထားသော လူငယ်တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါကြောင်း၊ ဒါကြောင့် မောင်မယ်တို့အနေနှင့် မိမိလေ့လာဆည်းပူးထားသော ပညာရပ်ကို အသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနှင့် စွမ်းစွမ်းတမံဆောင်ရွက်သွားဖို့ ပြောကြားလိုပါကြောင်း၊ မောင်မယ်တို့ရဲ့ ထက်မြက်သည့်စွမ်းဆောင်ရည်နှင့် သာလွန်သည့် ဇွဲ၊ လုံ့လ၊ ဝီရိယများ ပေါင်းစပ်ကာ မိမိတို့နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဖြစ်လာဖို့ မိမိတို့အတတ်ပညာဖြင့် အားကုန်ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြား၍ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်စကားပြောခဲ့သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရရှိသူများကို မဟာကွန်ပျူတာ သိပ္ပံ/မဟာသုတသိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့ ဘွဲ့ရရှိသူစုစုပေါင်း (၁၃၀)ဦးတို့ကို ဘွဲ့များအသီးသီး အပ်နှင်းပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)