မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မရမ်းကုန်း မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ဈေး (ကားပစ္စည်းဝန်း)နှင့် မြရတနာစျေးအတွင်း ပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးနေအောင်ကျော်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ထို့နောက် မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်၏ ဦး‌ဆောင်မှုဖြင့် ဘုရင့်နောင်ဈေး (ကားပစ္စည်းဝန်း)နှင့် မြရတနာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်းကို ဈေးတာဝန်ခံများ၊ ဈေးဝန်ထမ်းများ၊ ဈေးသူဈေးသားများဖြင့် ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးစီမံချက်ပါ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ခြင်းဆိုသော မြန် (၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)