ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရေကြည်မြို့နယ်၊ ကညင်ငူ-နွားရေတိုက်- ငါးတဲစုကွန်ကရစ် လမ်းသစ်အား တက်ရောက်ဖွင့်လှစ်

ပုသိမ်      မတ်       ၁

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကညင်ငူ-နွားရေတိုက်-ငါးတဲစုလမ်း၊ လမ်းအရှည်၂ဖာလုံ၊ အကျယ်၁၂ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့၍   ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု တစ်နှစ်ပေါ်ဆန်းနှစ်သီး နွေစပါး(၁၀)ဧကစံပြစိုက်ခင်းအား ကြည့်ရှုအားပေးပြီး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးထားခြင်းဖြင့် နွေစပါးစိုက်ဧကများ တိုးလာမည်ဖြစ်ရာ တောင်သူများအနေဖြင့် စိုက်ဧက များတိုးချဲ့စိုက်ပျိုးရန်နှင့် ရေပိုရေလျှံဖြစ်နေသည့် နေရာများတွင် ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ကညင်ငူကျေးရွာသို့သွားရောက်၍  ၂၀၂၅-၂၀၂၆ခုနှစ်၊  နွားရေတိုက်လျှပ်စစ်မြစ် ရေတင်စီမံကိန်းဖြင့် နွေစပါးဧက(၅၀၀)စိုက်ပျိုးမှုနှင့် ရေပိုရေလျှံများဖြင့် စိုက်ပျိုးသည့် ဧက(၂၀၀) ခန့်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက်   ရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ယခုနှစ်တွင် ရေမြောင်း လက်တံ(၂)၄၈၀၀ပေ၊ လက်တံ(၃)၂၆၀၀ပေနှင့် လက်တံ(၄)၁၉၀၀ပေ ဆောင်ရွက်နေ မှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လျှပ်စစ်မြစ်ရေ တင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသခံတောင် သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့်  စိုက်ပျိုးရေးရရှိပြီးဖြစ်၍ တောင်သူများက မိုးစပါး၊ နွေစပါး လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးရန် လိုပါကြောင်း၊  တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊  ဆီထွက်သီးနှံများကိုလည်း လျာထားစိုက်ဧက များပြည့်မီအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ ဆိုလာအချပ် (၃၆၀)ဖြင့်  နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း(198KW) ဆိုလာတွဲဖက်တပ်ဆင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာကမ်းပြိုကာကွယ်ရေး ဘိုးပိုင်အခြေပြု ကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်း‌ အလျား(၁၂၀) ပေဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး အရေးပေါ်ရန်ပုံငွေဖြင့် ကညင်ငူကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၊ ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား ၁၀၀ ပေတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ် ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၆၄)နှစ်မြောက် တောင်သူလယ်သမား နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ချင်းကုန်း-ချောင်းဖျား- ငါးပိဆိပ်လမ်း ကွန်ကရစ်လမ်းသစ်နှင့် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)