မြစ်သားမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းသီးနှံ (၂၉၂၀၈)ဧက လျာထားစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေ ထွန်ယက်ပြုပြင်စိုက်ပျိုး

မြစ်သား မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်း (၂၉၂၀၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ (၁၅၂၃၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။‌

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဖြူစိုက်တောင်သူများသည် မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင် (၁)ပြည်နှင့် (၄)ဘူးသာ ကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းဖြူစိုက်ခင်းများ အပွင့်၊ အသီး စတင်ဖူးပွင့်ပြီး လေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ရပါကြောင်း နှမ်းဖြူစိုက်ပျိုးသော တောင်သူဦးဝင်းမြင့်ထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများအား နွေနှမ်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း မြို့နယ်တွင်းရှိတောင်သူများ နွေနှမ်းသီးနှံစိုက်ပျိုးရာတွင် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အခြေခံသီးနှံ စိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ယခုနှစ်နှမ်းဖြူ စိုက်ပျိုးသည့် ကျေးရွာများဖြစ်သော လက်ပံဆိပ်ကျေးရွာ၊ ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာ၊ နှဲဝဲကျေးရွာ၊ ကဆွန်ကျေးရွာ၊ လမ်းခွကျေးရွာ၊ ပေါမောကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ သမတန်းကျေးရွာ၊ ငါးဆူကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာ၊ ကျန်တောကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ရွှေကြာအင်းကျေးရွာ၊ ကုက္ကိုစုကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)