(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

မအူပင် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်သည်။ ယင်းနောက် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အရှည် (၁၃၂၀)ပေ၊ အကျယ် (၁၂)ပေ ဆောင်ရွက်ခဲ့ပြီး ဖွင့်ပွဲသို့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)