ပင်လုံမြို့၌ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ပထမနေ့အခမ်းအနား ကျင်းပ

ပင်လုံ မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ပထမနေ့အခမ်းအနားကို ယမန်နေ့ည (၇:၀၀)နာရီအချိန်က ဝေဠုဝန်(ဝါးတောကျောင်း) ပရိယတ္တစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ပအိုဝ်းစာပေယဥ်ကျေးမှူကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်လှ၊ ပအိုဝ်းစာပေယဥ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ဦးခွန်လှသိန်းနှင့် ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း ဥက္ကဋ္ဌ ဦးခွန်အိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြု၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ပအိုဝ်းအမျိုးသား နိုင်ငံတော်သီချင်းအား သီဆိုခဲ့ကြသည်။ ၎င်းနောက် ပင်လုံမြို့ ပအိုဝ်းစာပေယဥ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ဦးခွန်လှသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားသီချင်းအား သံပြိုင်သီဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ပအိုဝ်းစာပေယဥ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်မောင်လှနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများအား အသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ပအိုဝ်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှု အကများဖြင့် ဖျော်ဖြေရေးအစီအစဥ်များ စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်အား ဝေဠုဝန်(ဝါးတောကျောင်း) ပရိယတ္တစာသင်တိုက် ကျောင်းဝင်းအတွင်း၌ ဖေဖော်ဝါရီ (၂၈)ရက်နေ့မှ တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့အထိ (၃)ရက်​ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)