မိုးနဲမြို့နယ်၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်

မိုးနဲ  မတ်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို လွိုင်ပြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဝိဇ္ဇာရိယဘုန်းတော်ကြီး ကျောင်းတိုက်စာချဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် အလှူရှင်များ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး စာချဆရာတော်ထံမှ ငါးပါးသီလ ခံယူတော်မူခဲ့ကြပြီး သင်တန်းသား/သူများအတွက် စာရေးကိရိယာများကို အလှူရှင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၊ ဗုဒ္ဓဘာသာမြန်မာစာဘာသာနှင့် အခြေခံအဘိဓမ္မာဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၅)ဦးတို့က သင်တန်းသား (၇၅)ဦးကို တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)