ညောင်ရွှေ မတ် ၁
ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သတ္တမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် (၇)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း စုရပ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပြီး ခရီးသွားအရင်းအမြစ်များ ပေါများစွာတည်ရှိခြင်းကြောင့် ယဉ်ကျေးမှုကိုအခြေခံသော ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စွန့်စားခရီးသွားလုပ်ငန်းစသည်ဖြင့် အမျိုးအစားစုံလင်စွာ ဆောင်ရွက်နိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလည်း (Sport Toursim) အားကစားနှင့်ခရီးသွားလုပ်ငန်းကို ပေါင်းစပ်သောပွဲတစ်ခုကို ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြစ်သလို စက်ဘီးစီးအားကစားသမားများကိုလည်း မွေးထုတ်ပေးခြင်းဖြစ်သည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း တိုးတက်လာခြင်းကြောင့် ဒေသ၏ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အတွက် ယခုလိုပွဲမျိုးကို နှစ်စဉ်ကျင်းပစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၃၀)ကီလိုမီတာကို စက်ဘီးစီးနင်းခြင်းအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်းကောင်း၊ (၁၅)ကီလိုမီတာ စက်ဘီးစီးနင်းခြင်းအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်းကောင်း အသီးသီးသေနတ်ပစ်ဖောက်၍ တာလွှတ်ပေခဲ့ပြီး ပါဝင်စီးနင်းသူများကို ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိ စီးနင်းခဲ့ကြသူများအား ကံစမ်းမဲဖွင့်ဖောက်၍ အမှတ်တရလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် စုပေါင်းစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီးအားကစားသမား စုစုပေါင်း (၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ