ပုသိမ် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ပြင်ရွာအခြေခံပညာအထက်တန်းကျောင်း၊ မြရေအေးခန်းမ၌ Grade-12သင်ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့် ဘာသာရပ်များအလိုက် ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအကြို စာမေးပွဲများကိုလည်း ဖြေဆိုပြီးဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက် အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ တောင်သူဒေါ်ရင်လှ၏ စိုက်ဧက(၂၀)ဧကတွင် စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာ (စံပြစိုက်ခင်း)Super Sun-41မျိုး စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု အားပေးပြီး ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ် ဆောင်ရွက်ကြရန်၊ ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းကို အချိန်ကိုက် ဆောင်ရွက်ပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်ရန်နှင့် ရိတ်သိမ်းရာတွင်လည်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ ရိတ်သိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့၊ သာသနာ့ဗိမာန်သို့ သွားရောက်ကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းအပ်နှင်းပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရန်အတွက် သာသနာရေးဦးစီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)