ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ရုံးပိတ်ရက်များ၌ ပြည်တွင်း/ပြည်ပဘုရားဖူး လာရောက်သူများဖြင့် စည်ကား

ဟိုင်းကြီးကျွန်း မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့ (တပေါင်းလဆန်း (၁)ရက်နေ့)တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလနှင့် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း/ပြည်ပဘုရားဖူး (၁)သိန်းကျော် လာရောက်ဖူးမြော်ကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့်တည်ထားသော ဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီးဝေးသော်လည်းရောက်အောင် လာရောက်ဖူးမြော်ကြပြီး ဥုပုသ်သတင်းသီလ ဆောက်တည်ခြင်း၊အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော် ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကိုပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုး အပန်းဖြေခြင်း၊ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူး ကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် စေတီတော်ကြီး၏ ရင်ပြင်တော် ပထမထပ်၊ ရင်ပြင်တော်နှင့် တည်းခိုဆောင်များပြည့်သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ် ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)