ဓနုဖြူ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့မှဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ အ.မ.က(ရေတွင်းကုန်း)ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဗုဒ္ဓကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးတိုးမြင့်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ရခြင်းအဓိပ္ပါယ်ကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက သင်တန်းအတွက် စာရေးကိရိယာများ၊ လှူဒါန်းငွေများအား ကျောင်းအုပ်ဆရာမကြီးထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား/ကျောင်းသူ (၆၀)ဦး တက်ရောက်ပြီး နည်းပြဆရာ၊ ဆရာမ (၁၀)ဦးဖြင့် မတ်လ (၁) ရက်နေ့မှ မတ်လ (၁၀)ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)