နောင်တရား မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို မတ်လ ၂ ရက် နံနက် ၆ နာရီတွင် ကျင်းပသည်။
ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတင် အခမ်းအနား ပြုလုပ်ခြင်း၊ ပအိုဝ်းအမျိုးသား ဦးဆောင်အဖွဲ့ဝင် သာဘာပတိ ဦးခွန်မောင်သောင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်လွတ်တော် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်ဖိုးစိန်က ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ စန္တာခမ်း ပအိုဝ်းအမျိုးသားနေ့ ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ခွန်ရန်ပိုင်စိုးက ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဗဟိုဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့သည်။
ထို့နောက် ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ Grade-12 မှ သုံးဘာသာမှ ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၆ ဦး၊ အင်္ဂျင်နီယာပညာရပ်၌ ထူးချွန်သူ ၂ ဦး၊ ဆေးဘက်ဆိုင်ရာ ပညာရပ်မှ ထူးချွန်သူ ၂ ဦးနှင့် မြန်မာနိုင်ငံတော်အဆင့် အားကစား၌ ထူးချွန်သူ ၇ ဦး စုစုပေါင်း (၃၇)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ မွန်းတည်း ၁၀ နာရီအချိန်တွင် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၈ အုပ်စုမှ ပဒေသာပင်များစီတန်းလှည့်လည်ခဲ့ကြသည်။
(၇၇)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့တွင် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပြီး၊ မွန်းလွဲပိုင်တွင် ဓမ္မာစရိယနှင့် အကြီးတန်း စာအောင်သံဃာတော်(၅၃)ပါးကို ဆုတံဆိပ်ကပ်လှူ ခြင်း၊ သံဃာတော်များထံမှ ငါးပါသီလနှင့် နိဗ္ဗာရောက်ကြောင်း တရားတော်များကို အတူတကွနာယူ ပြီး ပအိုဝ်းတိုင်းရင်းသားများက မိမိတို့ လှူဒါန်းခဲ့သည့် ကထိန်သင်္ကန်းနှင့် ဆွမ်းအကျိုးများကို အမျှတမ်းပေးဝေသည်။
(၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ဘောလုံးအားကစားပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲ ကျင်းပခြင်း၊ တိုင်းရင်းသားရိုးရာအကဖြစ်ဖျော်ဖြေယှဉ်ပြိုင်ခြင်း၊ ဆုရရှိသည့် အသင်းအဖွဲ့များကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)