မိုးနဲ မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (တပေါင်းလပြည့်နေ့)မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီခွဲ အချိန်ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၅) ကျောင်းမှ ပင့်သံဃာပေါင်း (၆၀၀) ပါးတို့က စုရပ်ဖြစ်သော နာဟောင်ရပ်ကွက် ရပ်တော်မူဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်းမင်းသားကြီးစေတီ၊ မြောက်နှစ်ကျိပ်ရှစ်ဆူ ဘုရားစေတီတို့ကို တစ်ပတ်ပတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူအပူဇော်ခံ ကြွရောက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ မိုးနဲမြို့ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများက ဆန်၊ ဝတ္ထုငွေ၊ ဆေး၊ အချိုရည်၊ ပန်းနှင့် မုန့်မျိုးစုံတို့ကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)