ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ကြီး မတ်လ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့မစျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က အဖွင့်အမှာစကားပြော​ကြားပြီး တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သန်းက စျေးသူစျေးသားများနှင့် ဒေသခံပြည်သူများအား မီးလောင်မှုအခြေခံသဘောတရားများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံ ဦးခင်အေးနှင့်ဝန်ထမ်းများ၊ စျေးသူ၊ စျေးသားများက မီးလောင်မှုဖြစ်ပွားခြင်းအမျိုးမျိုးတို့ကို မီးသတ်ဆေးဗူးများ၊ မီးငြိမ်းသတ်အကူပစ္စည်းများဖြင့် ငြိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ပြသပြီး တက်ရောက်လာကြသူများက ကြည့်ရှုအားပေး၍ သိလိုသမျှ မေးမြန်းမှုများကို မြို့နယ်မီးသတ်မီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေးအတွက် ဈေးအတွင်းအပြင် လုံခြုံရေး မီးတပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ မီးဘေးလုံခြုံမှုရှိ မရှိ၊ ဈေးအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိမရှိနှင့် မီးသတ်ရေငုတ်များ၏ ရေထွက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးများ မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန်မီးငြိမ်းသတ်နိုင်ရေးအတွက် နေရာယူခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်း၊ ရေဖျန်းခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် စျေးဝန်ထမ်းများက စုပေါင်းလက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းစိုး၊ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးဇင်ဝင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စျေးသူစျေးသားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)