ပင်လုံ မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၇ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကဝေဠုဝန် (ဝါးတောကျောင်း) ပရိယတ္တစာသင်တိုက်တွင်ကျင်းပပြုလုပ်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လွိုင်လင်တပ်နယ်မှူး၊ ဖြားတန်ကောင်ခယ်:ဗျူဟာ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် စိုးမြတ်ထွဋ်၊ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ဖြားတန်ကောင်ခယ်:ဗျူဟာ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးခွန်သာထွန်း၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်လှ၊ PNO မှ ဗိုလ်မှူးရှိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက အမှာစကားပြောကြားပြီးနောက် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှူကော်မတီ ဒုဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှ ပအိုဝ်းရိုးရာလက်ဆောင်များပေးအပ်ကာ ၂၀၂၃ ခုနှစ် ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်အိုးမှကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်းသိရသည်။
အဆိုပါပွဲတော်အား ဝေဠုဝန်(ဝါးတောကျောင်း)ပရိယတ္တစာသင်တိုက် ကျောင်းဝင်းအတွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ ယနေ့ တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့အထိ (၃)ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)