ပင်းတယ မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မတ် ၁ ရက် နံနက်ပိုင်းက ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် နှင့်(၁၇)နှစ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ MSMEs ဒေသထွက်ကုန် ပြပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်း နှင့် တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs ဒေသထွက်ကုန်ပြပွဲဆိုင်းဘုတ် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ဒေသထွက်ကုန် ပစ္စည်းပြခန်းများအား ကြည့်ရှု အားပေးသည်။
ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဓနုဆုံဆည်းရာစတိတ်စင်တွင်ကျင်းပသည့် (၁၇)နှစ်မြောက်ဓနုဆုံးဆည်းရာနေ့အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဓနုဆုံဆည်းရာနေ့အခမ်းအနားနှင့် အကအလှ ဖျော်ဖြေပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားတွင် ဓနုတိုင်းရင်းသား၊ တိုင်းရင်းသူအဆိုတော်များနှင့် ဓနုတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အက အလှများဖြင့် ဖျော်ဖြေသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည့် ဖိတ်ကြားထားသည့် ရပ်ဝေး/ရပ်နှီးမှ တိုင်းရင်းသား/တိုင်းရင်းသူများနှင့်အတူ ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ကုသိုလ်ဒါနပြုခဲ့ကြပြီး မဟာမုနိဓမ္မာရုံတွင်ဆွမ်းတော်ကြီးအား ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွားတော်များအားပင့်ဆောင်၍ သံဃာတော်များနှင့်အတူဆွမ်းဆန်စိမ်းအလှူခံခဲ့ကြရာ အလှူငွေများ၊ ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
ည ၇ နာရီတွင် ကျင်းပသည့် (၁၇)နှစ်မြောက် ဓနုဆုံဆည်းရာ အခမ်းအနားတွင် ဒေသဥက္ကဋ္ဌဦးဆောင်၍ တေးသီချင်းအား စတင်သီဆိုပေးပြီး၊ ဓနုဆုံဆည်းရာအထိမ်းအမှတ်အဖြစ် ဓနုတိုင်းရင်းသူ၊ တိုင်းရင်းသား အဆိုတော်များ၊ ရပ်ဝေး/ရပ်နီးမှတိုင်းရင်းသား/တိုင်းရင်းသူများမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ ရိုးရာဓလေ့တေးသီချင်းများ၊ ရိုးရာသံချပ်၊ အိုးစည်ဗုံမောင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)