လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်သစ် တင်လှူပွဲ ကျင်းပ

လွိုင်လင် မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ရှေးဟောင်းသမိုင်းဝင် မွေတော်ဖီပြဘုရား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်သစ် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် စိုးမြတ်ထွဋ်တက်ရောက်၍ ရတနာစိန်ဖူးတော်အား တင်လှူပူဇော်ပါသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးနောက် လွိုင်လင်မြို့နယ် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရတနာစည်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိဇယာနန္ဒထံမှ တိုင်းမှူးအမှူးပြုသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို သံဃာတော်များထံ ဆက်ကပ်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များတို့မှ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တာသုတ်များကို နာယူကြသည်။ ယင်းနောက် ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို စေတီတော်ပရဝုဏ်တွင် ပက်ဖျန်း ကြဲဖြန့်ကြသည်။  

ဆက်လက်၍ တိုင်းမှူးနှင့် ဇနီး၊ ဘုရားဒါယကာ ဒါယိကာမများ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ပန်းခိုင်၊ ဆပ်သွားဖူးတော်တို့ကို သဟတ္ထိဒါနမြောက် သံဃာတော်များထံ ဆက်ကပ်ခြင်း၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ပြီးနောက် လားရှိုးမြို့ မန်ဆူကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တဒေါက်တာ ပုညနန္ဒဆရာတော် က အနုမောဒနာတရားနှင့် ရေစက်ချတရားတော်ကို ချီးမြှင့်ပေးသည်။ ဆက်လက်၍ စေတီတော်ဂေါပကဥက္ကဌ ဦးဇော်မင်းက သမိုင်းဝင်မွေတော်ဖီပြဘုရားစေတီတော်အား ရွှေထီးတော်တင်လှူရာတွင် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း တောင်းပန်လွှာစာကို ဖတ်ကြားတောင်းပန်ပါသည်။

ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များအား တိုင်းမှူးနှင့် ဇနီးဦးဆောင်ကာ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် စေတီတော်လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ပြီး‌နောက် ရွှေသမင်ထီးတော်တင်အဖွဲ့က စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်များမှ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် မန်ဆူကျောင်းတိုက်ဆရာတော်၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက အမှတ်တရသစ်ပင် စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေ (၃) နာရီတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ သံဃာတော် (၃၆၅) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူကြကြေင်းသိရသည်။

အခမ်းအနားသို့ တပ်နယ်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)