ကလော မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ အမှတ်(၇)ရပ်ကွက် ဗောဓိကုန်းပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖွဲ့ (၄၅)ဖွဲ့မှ အဖွဲ့ဝင် (၁၄၅)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက မြန်မာ့သစ်တောမူဝါဒ၏ ပဓာနကျသောအချက်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ CF လုပ်ငန်းများအပေါ် မှတ်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။
ထို့နောက် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ တားမြစ်ချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိကလောမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ညွှန်ကြားချက်နှင့်အညီ CFI (၂၀၁၉)ပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်မှု ရှိ/မရှိ၊ CF ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်မည့် အစီအစဉ်များကို ချပြရှင်းလင်းခဲ့ပြီး CF အဖွဲ့များအနေဖြင့်လည်း (၂၀၂၆)ခုနှစ် မိုးရာသီတွင် စီမံချက်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)