မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် (Grade 5) နှင့် (Grade-9) နောက်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အင်္ဂလိပ်စာဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိ

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာအား ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်‌ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (Grade-5) မူလတန်းအဆင့် နောက်ဆုံးစာမေးပွဲကို စာစစ်ဌာန ၃၉ ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၈၂) ဦးရှိသည့်အနက် ယနေ့အင်္ဂလိပ်စာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းသား (၂၅၂၉) ဦးနှင့် ကျောင်းသူ (၂၄၀၅) ဦး စုစုပေါင်း (၄၉၃၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ထို့အတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade-9) နောက်ဆုံးစာမေးပွဲကို စာစစ်ဌာန ၁၆ ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၁၉ ဦးရှိပြီး ယနေ့ အင်္ဂလိပ်စာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူ ၁၈၀၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ (Grade-5) နှင့် (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့များတွင် ဖြေဆိုသွားမည်ဖြစ်ရာ စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ပညာရေးမှူးနှင့် တာ၀န်ရှိသူများ၊ အခြေခံပညာကျောင်းများက ဆရာကြီး၊ ဆရာမကြီးများနှင့် တာ၀န်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၆၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)